အားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်းးးး လာလည်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်းးးး ရွှင်လန်းချမ်းမြေ့ကြပါစေဗျားးးးး

Wednesday, December 8, 2010

Pray Of Lights ((မီးထွန်းပွဲတော်))


ဒီဇင်ဘာညပိုင်းမှာ Denver မြို့ရဲ့ အထင်ကရပွဲတစ်ခု ဖြစ်တဲ့ Pray Of Lights မြန်မာလိုဆိုရင် မီးထွန်းပွဲတော် လို့ ခေါ်မယ် ထင်ပါတယ် သူတို့ဆီမှာလဲ ကျတော်တို့လို သတင်းကျွတ်မီးထွန်းပွဲတော်နဲ့ ခပ်ဆင်ဆင်တခုရှိတာကို မဒမ်ပေါ်လာပြောပြတဲ့အတွက် သွားကြည့် ကြဖို့ ဆုံးဖြတ်ပြီး ညနေပိုင်းမှာ လိုအပ်တဲ့ ကင်မရာနဲ့ အနွေးထည်ဝတ်ပြီး အတူလိုက်မယ်လို့ ပြောထား ကြတဲ့ သူငယ်ချင်းတွေကို ဖုန်းဆက်ခေါ်တော့ သူတို့က မလိုက်နိုင်ကြတော့ဘူးပြောတဲ့ အတွက် နှစ်ယောက်သား Apartment ကနေ ကားဂိတ်ကို လမ်းလျှောက်လာခဲ့ပါတယ်။ ရာသီဥတုက မနှစ်ကလို နှင်းတွေဖွေးနေအောင်မကျပေမဲ့ အအေးဓါတ်ကတော့ အရမ်းကိုသိသာလွန်းပါတယ်။ သွားချင်တွေ့ဖူးချင် လည်ဖူးချင်တဲ့ စိတ်လေးနဲ့သွားဖြစ်ခဲ့တာပ လိုင်းကားက ခဏနေတော့ မှတ်တိုင်ကိုရောက်လာပါတယ်။ ကားစီးဖို့ကဒ်မရှိ တာနဲ့ ပိုက်ဆံ ၂-ဒေါ်လာထည့်ပြီး နှစ်ယောက်သား လူလွတ်တဲ့ နောက်တန်းကခုံလေးမှာဝင်ထိုင်ပြီး မြို့ထဲကို မရောက်ဖြစ်ကြတာ အလုပ်ရပြီးကတည်းကဆိုတော့ ၂-နှစ်လောက်ရှိရောပေါ့။ လမ်းဘေးဝဲယာမှာ အလှထွန်းထား တဲ့ ညမီးဆိုင်း (ခရစ်စမတ်အကြို)မီးအလှလေးတွေကလည်း ညရဲ့အလှကို ပိုပီပြင်စေပါတယ်။ ဒီမှာက ည ၅-နာရီခွဲဆိုရင် မိုးကချုပ်နေပြီလေ ကားပေါ်မှာလည်း ရှားရှားပါးပါး တစ်နှစ်မှာမှ ဒီလိုဒီဇင်ဘာမှသာ ကျင်းပကြတဲ့ ပွဲလေး လွတ်မသွားအောင် အားပေးဖို့အတွက် တစ်လမ်းလုံးလူတွေက အဆင်းထက်ကို အတက်သာပို များတာတွေ့ရပါတယ်။ ခါတိုင်းဆိုရင် ၁၅-မိနစ်ကို တစ်စီးထွက်တဲ့ကားကလည်း အခုဆိုရင် နှစ်စီးသုံးစီး တစ်ပြိုင်ထဲထွက်တာတွေ့ရပါတယ်။ ဘတ်စ်ကား မိနစ်သုံးဆယ်လောက်စီးပြီးတော့ Broadwayလမ်းဆုံမှာ ကားလမ်းတွေ ပိတ်ထားတဲ့အတွက် အားလုံးလမ်းဆင်းလျှောက်ပြီး ပွဲကျင်းပမဲ့ဆီကိုသွားရတာ ဘယ်မှာလုပ်လို့ လုပ်မှန်းမသိဘူး ဇဝေဇ၀ါနဲ့ သူများနောက်ကနေလိုက်သွားရင်း ရောက်သွားပါတော့တယ်။ အမှန်က ပွဲကျင်းပတဲ့နေရာအတိအကျမသိလို့ လူအုပ်ကြားထဲကနေ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ လိုက်သွားတာပါ။ ပွဲက ခြောက်နာရီမှာ ကျင်းပမှာဖြစ်တဲ့အတွက် များလိုက်တဲ့ လူအုပ်ထဲမှာ တစ်နေရာရဖို့အတွက် မနည်းကို ကြိုးစားရပါတယ်။ မိနှစ်(၂၀)လောက် အကြာမှာ ပွဲကစတင်စီတန်းပြီး လျှောက်လာကြပါတယ်။ ရာသီဥတုကလည်းအေး ပြီးတော့ လူအများ ကြီးကြားထဲမှာတောင် ၄၅-မိနစ်လောက်ပဲကြည့်နိုင်တယ် အေးတာနဲ့ ပြန်လာခဲ့ရပါတယ်။ ခါတိုင်း နှစ် တွေဆိုရင် နှင်းပွင့်တွေကြားထဲမှာ ဒီပွဲကိုကျင်းပတာလို့လည်း အတူကြည့်တဲ့ သူတွေပြောပြလို့ စနိုးမကျ လို့တော်သေးတယ်လို့တောင်တွေးမိသေးတယ်။ ဒီပွဲကို အဓိကတာဝန်ယူကျင်းတာက 9-news ကဖြစ်ပြီး မြို့မှာရှိတဲ့ ကျောင်းပေါင်းစုံ၊ ဘဏ်၊ ငှါနပေါင်းစုံတွေက အလှပြယာဉ်တစ်စီးစီ တာဝန်ယူတဲ့အတွက် ည၁၀-နာရီကျော်တဲ့အထိကို ကျင်းပတာဖြစ်ပါတယ်။ ကျတော်တို့နှစ်ယောက်က ၄၅-မိနစ်တောင် မနည်း စောင့်ကြည့်ရတာပါ။ အေးလွန်းလို့အပြင်ကားစောင့်တဲ့အချိန်မှာတော့ နှာရည်ယိုစွဲ တပို့တွဲလိုပါပဲဗျာ။ အဲ့ဒီပွဲမှာ ယောင်လည်လည်နဲ့  မြန်မာဆိုလို့ ကျတော်နဲ့မဒမ်ပေါ်လာ သာပါမှာလို့ ထင်မိ ပါတယ်။ အဲ့ဒီပွဲက အမှတ်တရပုံလေးတွေကို တင်ပေးလိုက်ပါတယ်။
 အဓိက တာဝန်ယူတဲ့ 9-news အဆောက်အဦးနဲ့ လာရောက်အားပေးကြတဲ့ ပရိတ်သတ်များ
 အခုလို ခရစ္စမတ်ဘိုးဘိုးကြီးလည်း အဓိကပါဝင်သလို
 ဒါကတော့ ဘင်ခရာအဖွဲ့ချီတက်လမ်းလျှောက်လာတာပါ။
 တရုတ်နဂါးကကွက်ကလည်း ကျတော်တို့နေတဲ့ Denver မြို့မှာမပါမပြီးဆိုသလို ဖြေဖျော်ရတဲ့ ကကွက်ပါ၊
 အလှပြခွေးကလေးတွေကလည်း ပျော်ရွှင်စွာနဲ့ ပါဝင်ဆင်နွဲကြပါတယ်။
 မက္ကဆီကို ကျောင်းသားလေးများလည်း ပါဝင်ကြပါတယ်။
အလှပြ ကားပေါင်းများစွာဟာလည်း ကိုယ့်ရဲ့စွမ်းဆောင်မှုပြကွက်တွေနဲ့ စည်ကားလို့နေပါတယ်။
                              
 ဒါကတော့ ရှားရှားပါးပါး မီးကွင်းအက အင်္ဂလိပ်တွေလည်း မီးကွင်းကတတ်တာပဲနော်။
 ခွေးကလည်း သတင်းစာလိပ်ကိုချီလျှက်
 မြင်းတပ်ဖွဲ့ကလည်း ပေါင်းစုံပါဝင်ဆင်နွဲကြပါတယ်။
 ဒါကတော့ စောစောစီးစီး ပွဲတော်မှာ အရှက်ရခဲ့တဲ့ ထောင်လို့မရတော့ဘဲ အိပ်ပြီးလိုက်ရတဲ့ အရုပ်ပါ။

ဓါတ်ပုံတွေတော့ အများကြီးရှိသေးတယ်။ အမှန်အတိုင်းဝန်ခံရရင် ကျတော်က စာရေးတတ်တဲ့သူတစ် ယောက်မဟုတ်ပါဘူး။ ၀ါသနာအရ နည်းနည်းလေးနားလည်တဲ့ ကွန်ပြူတာပညာလေးနဲ့ မတတ်တတတ် လုပ်ကြည့်တာပါ။
ရွှင်လန်းချမ်းမြေ့ပါစေဗျာ၊
ပေါ်လာ

Wednesday, November 24, 2010

ဓမ္မပါလကျောင်း သီတင်းကျွတ်မီးထွန်းပွဲတော်

 ရိုးရာမပျက် မီးထွန်းပွဲတော်မှာ မိဘတွေကလည်း မိမိတို့ရဲ့ မျိုးဆက်သစ်သားသမီးတွေကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတွေ လက်ဆင့်ကမ်း ခွင့်ရတဲ့အတွက် ပျော်ရွှင်ပိတိအပြုံးတွေက သက်သေပြနေပါတယ်။
 မီးထွန်းပွဲတော်နဲ့ အညီမီးပုံသေးသေးလေးတွေနဲ့ မီးတိုင်လေးတွေလည်း ကျောင်းပတ်ပတ်လည် ထွန်းညှို့ ပူဇော်နိုင်ခဲ့ပါတယ်။
သီတင်းကျွတ်မီးထွန်းပေါ်တော်မှာ ကြွရောက်လာတဲ့ ပရိတ်သတ်တွေကို ဖျော်ဖြေတင်ဆက်မဲ့ တခန်းရပ် ဇာတ်စင်ငယ်လေးပါ။ နေရာအခက်အခဲကြောင့် ဖြစ်မြောက်အောင် ကျိုးစားစီစဉ်ခဲ့ရတာလဲဖြစ်ပါတယ်။
မွန်ရိုးရာ ဆီမီးခွက်အကဖြင့် မျိုးဆက်သစ် မွန်ကလေးငယ်လေးများကလည်း တင်ဆက်ကပြသွားပါတယ်။
ကရင်နီရိုးရာ အကဖြင့်လည်း ကရင်နီလူငယ်လေးများက တင်ဆက်ကပြသွားပါတယ်။
အိန္ဒိယအကဖြင့်လည်း ကလေးမလေးတစ်ဦးက တင်ဆက်ကပြသွားတာဖြစ်ပါတယ်။
ကျတော်တို့ပြည်နယ်ရဲ့ တပင်တိုင်မင်းသမီးချောလေးကလည်း မမောနိုင် မပန်းနိုင် ပရိတ်သတ်တွေကို ကြိုးကြိုးစားစား ကပြတင်ဆက် သွားပါသေးတယ်။
ပြည်နယ်ရဲ့ တက်သစ်စ ခေတ်သစ်လူရွှင်တော်တွေကလည်း ပျော်ရွှင်စရာ ပြက်လုံးများနဲ့ပူးတွဲ တင်ဆက် ကပြဖျော်ဖြေသွားပါသေးတယ်။

ပရိတ်သတ်များစုံစုံလင်လင် လာရောက်အားပေးကြပါတယ်။
နောက်ဆုံးအနေနဲ့ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ရဲ့ အောင်ပါစေ ဆိုတဲ့သီချင်းနဲ့ ပရိတ်သတ်ကို နှုတ်ဆက်ကပြပြီး အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှာ တည်ထား ကိုးကွယ်တဲ့ ဓမ္မပါလဘုန်းတော်ကြီးကျောင်းရဲ့ ဒုတိယအကြိမ်မြောက် စုပေါင်းသီတင်းကျွတ်မီးထွန်းပွဲတော်ကို စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်နဲ့ ဆင်နွဲနိုင်ခဲ့ကြပါတယ်။
မှတ်ချက်။ လွန်ခဲ့တဲ့ တစ်လတုန်းက ပွဲကို အခုမှတင်ဖြစ်တာက ကျတော်အပျင်းလွန်နေလို့ပါ။

Sunday, September 5, 2010

(ဒုက္ခသည်အများစု) ရင်ဆိုင်စရာအမေရီးကားမှာ

၂၀၀၈-ခုနှစ် ဇူလိုင်လ ၈-ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဒင်ဘာမြို့ကို ရောက်ရှိခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ပင်ပန်းခဲ့သမျှ၊ နေ့ညတွေပြောင်းလဲမှုတွေကို  အနားယူဖို့ မစဉ်းစား အားပဲ နောက်နေ့ မနက်မှာ ကေ့မန်နေဂျာဆိုတဲ့သူက လာခေါ်တာကြောင့် မူးဝေနေတဲ့ကြားကပဲ လိုက် သွားရပါတယ်။ (လေယာဉ်ပေါ်မှာ ထိုင်လိုက်ရလို့ မပင်ပန်းဘူးမထင်ပါနဲ့ တကယ်ပါ)
ကေ့မန်နေဂျာကလည်း ကျတော်တို့ဒုက္ခသည်တွေအတွက် အဓိကကျတဲ့ (ဆိုရှယ်)နဲ့ စားစရာကဒ်အမြန် ရ ရှိရေးအတွက် သက်ဆိုင်ရာရုံးတွေကို သွားရောက်ရပါတယ်။ ပင်ပန်း၊ အိပ်ရေးပျက်နေတဲ့ကြားက အရပ် ရှည်ရှည် ထောင်ထောင်မောင်းမောင်း အာဖရိကနွယ်ဖွား ကေ့မန်နေဂျာ ခြေလှမ်းကိုအမှီလိုက်ရပါတယ်။ သူကိုယ်တိုင်က တချိန်တုန်းက ဒုက္ခသည်ပါလို့ မိတ်ဆက်ဖူးတော့ ဘယ်ဟာတွေက ပိုအရေးကြီးတယ်ဆို တာ သူကပိုသိမှာပါလို့ စိတ်ထဲတွေးရင်း သူ့ကိုမှီအောင်လိုက်ရပါတယ်။ ကျတော်တို့နဲ့အတူ အီရတ်နိုင်ငံ ကနေ အသစ်ရောက်လာတဲ့ ဒုက္ခသည်သားမိလည်း အပြေးတစ်ပိုင်းနဲ့ သူ့နောက်လိုက်နေရပါတယ်။ လို  အပ်ချက်တွေအားလုံး အဆင်ပြေနိုင်ဖို့ အိုင်အိုအမ်ကပေးလိုက်တဲ့ အိုင်အိုအမ်တံဆိပ်နဲ့ အိတ်ထဲက သူလို အပ်တဲ့အချက်အလက်တွေ၊ ဖြည့်စွက်နိုင်ဖို့အတွက် သူ့ကိုပေးလိုက်ပါတယ်။ မနက်၈-နာရီကျော်ကနေ ည နေပိုင်းမှ အားလုံးပြီးသွားတဲ့အခါ ဒုက္ခသည်တွေကို ကူညီတဲ့ သူရုံးထိုင်တဲ့ နေရာကိုပြန်ခဲ့ပါတယ်။ ပင်ပန်း နေကြတဲ့အတွက် ကျတော်တို့နေတဲ့ အပါ့မန့်ကို ပြန်ပို့ပေးပါတယ်။ နောက်နေ့မနက်မှာ သူလာကြိုမှာ ဖြစ်တဲ့အတွက်  အဆင်သင့်စောင့်နေဖို့လည်း မှာလိုက်ပါသေးတယ်။ နောက်နေ့မနက်စောစောမှာ သူ့ ကားနဲ့ အ တူလိုက်သွားပြီး ရုံးမှာအလုပ်ရှာဖို့ အဓိက တာဝန်ယူထားတဲ့ သူနဲ့မိတ်ဆက်ပေးပါတယ်။ အဲ့ဒီ လူက ထိုင်းမှာ နေတုန်း ဘာတွေလုပ်ဖူးလဲ၊  အလုပ်နဲ့ပတ်သက်ပြီး ဘာအတွေ့အကြုံတွေရှိလဲဆိုတာကို မေးမြန်းပြီး လုပ်ခဲ့ဘူးတဲ့ အလုပ်နဲ့ပတ်သက်တာတွေကို စစ်ဆေးပါတယ်။ ထိုင်းမှာ လက်သမားလုပ်ခဲ့ဖူးတာ လို့ ပြောခဲ့မိတာကြောင့်၊ လွှ၊ တူ စတာတွေကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲ စသဖြင့်မေးမြန်းပါတယ်။ တကယ်တော့ ကျတော်က ဒုက္ခသည်မှာနေတုန်းက အမေရိကန်နိုင်ငံကိုသွားရမဲ့ သူတွေအတွက် ယဉ်ကျေး မှုသင်တန်းတက်ဖို့ အဆောင်ဆောက်တုန်းမှာ တစ်လလောက်လုပ်ခဲ့ဖူးတာကို ပြောမိခြင်းဖြစ်ပါတယ်။ တ ကယ်တော့ ကျတော်က လက်သမားမလုပ်တတ်ပါဘူး။ တချို့သူငယ်ချင်းတွေသိမှာပါ။ အဲ့ဒီလိုနဲ့ လိုအပ် တာတွေမေးမြန်းပြီးတဲ့အခါ ဒုက္ခသည်တွေ အလကားတတ်ဖို့ စီစဉ်ထားတဲ့ ကျောင်းမှာ မတတ်မနေရ တတ် ဖို့လည်း ပြောပါသေးတယ်။ ပြီးတော့ အမေရိကန်ကို ရောက်ရောက်ခြင်း ကူညီငွေ(တချို့က welcome money လို့လည်းခေါ်ပါတယ်) ဒုက္ခသည်တစ်ယောက်ကို ဒေါ်လာ (၄၂၅)စီရတဲ့ ခံစားခွင့်အကြောင်းလည်း ရှင်းပြပါတယ်။ (မိမိရောက်တဲ့ ပြည်နယ်တွေနဲ့ ငွေအမောက်တွေကွာနိုင်သလို စီးပွားရေးလောကသုံးစကား အတိုင်း ဈေးအတက်အကျက အချိန်နဲ့ တပြေးညီကွာခြားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုမှ ရောက်တဲ့သူတွေဆိုရင် ဒေါ်လာ (၁၁၀၀)စီရကြပါတယ်။ ကုန်ဈေးနှုန်းတွေမြင့်လာတာလည်းပါမှာပါ)။

Sunday, August 22, 2010

ကရင့်ရိုးရာ လက်ချည်ပွဲတော်


အခုလို နွေရာသီရဲ့ တနင်္ဂနွေနေ့လေးမှာ အခြေနေမျိုးစုံနေရာပေါင်းစုံကနေ တိုင်းရင်းသားကရင်လူမျိုးတွေ အပါအ၀င် လူမျိုးပေါင်းစုံမြန်မာနိုင်ငံသားတွေဟာ မိမိတို့ရောက်နေတဲ့ နေရာနဲ့ ပေးတဲ့အခြေနေလေးတွေကို တန်ဖိုးထားရုန်းကန်ရင်း တဖက်ကလည်း ရိုးရာယဉ်ကျေးမှုလေးတွေကို အခုလို အမေရိကန်မှာရောက်နေကြတဲ့ နောင်လာနောင်သားတွေ သိစေဖို့နဲ့ ရိုးရာအမွေတွေကို တန်းဖိုးထားထိန်းသိမ်းနိုင်စေရန် မြင့်မားတဲ့ရည်ရွယ်ချက်တွေနဲ့ အခုလိုကရင့်ရိုးရာလက်ချည်ပွဲကို ဆင်နွဲကျင်းပနေပုံလေးက သက်သေထူနေပါတယ်။ တိမ်တွေကင်းစင်ပြီး အပြာရောင်မိုးကောင်းကင် အောက်မှာ အမေရိကန်၊ ကော်လိုရာဒိုပြည်နယ်ရောက် ကရင်မိသားစုများကြီးမှူးကျင်းပတဲ့ ရိုးရာ လက်ချည်ပွဲလေးကတော့ စည်းကားသိုက်မြိုက်စွာနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။
ဒင်ဘာမြို့ လော်ရီပန်းခြံရဲ့ ဒီနေ့မနက်ခင်းလေးဟာ အရမ်းကိုသာယာလှပသလို အသီးသီး၊ တဖွဲဖွဲရောက် လာကြတဲ့ ကရင်မိသားစုတွေကလည်း အမိတိုင်းပြည်မှာသာ အခုလိုပွဲတော်မျိုး ကျင်းပနိုင်ခဲ့မယ်ဆိုရင် အရမ်းကိုပျော်ဖို့ကောင်းမှာပဲလို ပြောဆိုသံတွေရှိသလို အလုပ်မအားတဲ့ကြားက အခုလိုပွဲဖြစ်မြောက်အောင် ဦးစီးကျင်းပပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်နေကြပါတယ်။ အားလုံးရဲ့တူညီတဲ့ အပြုံးပိတိတွေကတော့ တခြားတိုင်းပြည်မှာရောက်နေပေမဲ့ ကိုယ့်ရဲ့ရိုးရာပွဲလေးကို ကျင်းပနိုင်လို့ ကြည်နူးနေကြတယ်ဆိုတာ သိနိုင်ပါတယ်။

ရိုးရာမပျက်တဲ့ အပြင်အဆင်တွေနဲ့ လက်ချည်ပွဲအတွက်
အခုလို  ပရိတ်သတ်၊ ပွဲတော်ဦးစီးကျင်ပတဲ့ တာဝန်ရှိသူတွေ
အခန်းအနားကို သေချာစွာဖြင့် အခုလို  အခန်းနားမှူးများနှင့်
လက်ချည်ပွဲနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို အခုလိုရှင်းပြ
လက်ချည်ပွဲနဲ့ပတ်သတ်ပြီး လူကြီးတွေက ရိုးရာဓလေ့တွေကို လူငယ်တွေကိုလက်ဆင့်ကမ်း
လူကြီးတွေလက်ချည်ပေးပြီးတဲ့နောက် လူငယ်တွေနဲ့ ပရိတ်သတ်တွေလည်း ရိုးရာအတိုင်း ဆက်လက် ပြီး လက်ချည်ပွဲကို ဆင်နွဲကြပါတယ်။
အခုလိုပရိတ်သတ်စုံလင်စွာဖြင့်
အခုလိုလည်း အဆိုအကများနှင့် ပရိတ်သတ်များကိုတင်ဆက်သလို
အစားအသောက်တွေနဲ့ တည်ခင်းကျွေးမွေးပြီး ညနေပိုင်းထိ ပျော်ပျော်ရွှင်ရွင် ဆင်နွဲကြပါတယ်။
ဒီနှစ်ဟာ သုံးနှစ်မြောက်ဖြစ်ပြီး သေသေချာချာစီစဉ်နိုင်ခဲ့ကြောင်း၊ အရင် နှစ်ကြိမ်တုန်းက အဆင်ပြေတဲ့ နေရာလေးမှာပဲ လူနည်းစုနဲ့ကျင်းပနိုင်ခဲ့ပေမဲ့ ဒီနှစ်ကိုပိုအားရကြောင်း ဒါပေမဲ့ ဒီပွဲဟာ ရှေးခေတ်ကရင် ဘိုးဘွားတွေ လက်ထက်ထဲက နှစ်ပေါင်းများစွာ ကျင်းပလာတာဖြစ်တဲ့အတွက် ကရင်အားလုံးနဲ့ သက် ဆိုင်ပြီး ကရင်လူမျိုးတွေအားလုံး စိတ်တူကိုယ်တူ တက်ညီလက်ညီ အခုထက်ပိုပြီးတော့ စည်းလုံးညီညွတ်စွာနဲ့ နောင်နှစ်မှာ ပိုမိုကြိုးစားရမယ်လို့လည်း ပွဲစီစဉ်သူကပြောပါတယ်။
ကော်လိုရာဒိုပြည်နယ်မှာ ပြောင်းရွှေ့အခြေချလာသူ ကရင်လူမျိုးအားလုံး တစ်ထောင်နီးပါခန့်ရှိပြီး ဒီနေ့ပွဲလေးကိုတော့ လူပေါင်းသုံးရာကျော်လောက် လာရောက်ဆင်နွဲတာတွေ့ရပါတယ်။

Sunday, August 8, 2010

နို့ဖိုးဒုက္ခသည်စခန်းမှ ဘန်ကောက်လေဆိပ်သို့

ဇူလိုင်လဆန်းရဲ့ တခုတည်းသော ညနေလေးမှာ နို့ဖိုးဒုက္ခသည်စခန်းက လူတချို့ အမျိုးမျိုးသော်မျှော်လင့်ချက်တွေနဲ့ မနက်ဖြန် ဇူလိုင်လ (၃)ရက်နေ့မှာ တတိယနိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုဆိုတဲ့ တိုင်းပြည်ဆီကိုထွက်ခွာဖို့ အဆင်သင့် မျှော်လင့် စောင့်စားလျှက်ရှိနေကြပါတယ်းးးးးးးးးးးးးးး
မနက်စောစော အိပ်ယာ နိုးနိုင်ဖို့အတွက် ညထဲက လိုအပ်တာတွေပြင်ဆင်ရင်း နို့ဖိုးဆိုတဲ့ ဒုက္ခသည်စခန်းလေးရယ် မိမိရဲ့ တစ် နှစ်ခွဲတာကာလအထိ အပူအအေးဒါဏ်အားလုံးကို ကာကွယ်ပေးခဲ့တဲ့ သစ္စာအပြည့်နဲ့ အင်ဖက်မိုးအိမ်သေးသေးလေးရယ်၊ ထွက်အား ကောင်းလှတဲ့ ဗူးစင်လေးရယ် သံယောဇဉ်တွေအပြည့်နဲ့ ဒုက္ခသည်ဘ၀မှာ ဆိုးတူကောင်းဘက် လက်တွဲဆုံခဲ့ရတဲ့ သူငယ်ချင်းတွေကို နှတ်ဆက်ရတော့မယ်ဆိုတဲ့ အသိက ရင်ထဲမှာ လွမ်းဆွတ်သလိုခံစားမိလာသလိုးးးးးးးးးးးးးးတဖက်မှာလည်း အနာဂါတ်မျှော်လင့်ချက် အတ္တတွေအတွက် ရှင်သန်ရအုံးမယ်ဆိုတဲ့ လောဘနဲ့ လောကပါလတရားကို မျှတစွာခံစားရင်းးးးးးးးးးးးးးး