အားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်းးးး လာလည်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်းးးး ရွှင်လန်းချမ်းမြေ့ကြပါစေဗျားးးးး

Sunday, January 2, 2011

တမူထူးတဲ့ နှစ်သစ်ကူး

အခုလို နှစ်သစ်အချိန်ခါဆိုတာ နှစ်ဟောင်းမှာ မောပန်းခဲ့သမျှကို နှစ်သစ်မှာ  အကောင်းမင်္ဂလာတွေ ပြည့်စုံ စေခြင်းငှါ ပျော်ရွှင်ကြည်နှုးစွားနဲ့ နှစ်ကူးနိုင်ဖို့  နိုင်ငံပေါင်းစုံလူမျိုးပေါင်းစုံ နီးစပ်ရာတွေ စုဝေးလို့ နှစ်သစ်ကို ကြိုဆိုဖို့ ပြင်ဆင်တဲ့ အချိန်ခါပါ။ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှာလည်းပဲ စုပေါင်းတည် ထောင်ထားတဲ့ ဘုန်းတော်ကြီးကျောင်းသစ်မှာ နှစ်သစ်မင်္ဂလာနဲ့အတူ စုပေါင်းဆွမ်းကပ်ပွဲကျင်းပပြီး လာမဲ့ ၂၀၁၁-၂၀၁၂ ခုနှစ်အတွက် ဂေါပကအဖွဲ့ ပြန်လည်ဖွဲ့စည်းရေးအတွက် တပည့်ကဒါ တကာမတွေက နှင်းတွေ ဖုံးနေတဲ့ သုံည ဒီကရီလောက်အေးတဲ့ရာသီဥတု ကြားကနေ အင်တိုက်အားတိုက်နဲ့ စုပေါင်း ဆွမ်းလာကပ်ကြတာ ကို ကြည့်ရင် ကြည်နှူပီတိဖြစ်ရပါတယ်။ 
ဟိုးလွန်ခဲ့တဲ့ ၂-နှစ်ကျော် ၂၀၀၈-ခုနှစ် ကော်လိုရာဒိုပြည်နယ် ဒင်ဘာမြို့ကိုစရောက်တုန်းက မိမိတို့ မြန်မာ မိ  သားစုတွေ ကိုးကွယ်ဖို့အတွက် မြန်မာဘုန်းတော်ကြီးကျောင်းဆိုတာ မရှိသေးပါဘူး။ သူငယ်ချင်းတွေနဲ့ စုပေါင်း ဆွမ်းကပ်မယ်ဆိုရင်လည်း ကားတစ်နာရီကျော်မောင်းရတဲ့ “လာအို ဘုန်းတော်ကြီးကျောင်း” မှာ သွားကပ်ရတာပါ။ ၂၀၀၈-ခုနှစ်ကုန်ခါနီးမှာတော့ ကော်လိုရာဒိုမှာ ရောက်ရှိနေတဲ့ လူတွေရဲ့ သဒ္ဒါတရားနဲ့ ညီညွတ်တဲ့ စိတ်ဓါတ်တွေ ပေါင်းစုမိပြီး ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းဖြစ်မြောက်ပေါ်ထွန်းလာဖို့ စု ပေါင်းဝိုင်းဝန်းကြိုးစားရန်အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။ အားလုံးဟာ အင်တိုက်အားတိုက်ပါပဲ ဘုန်းကြီးကျောင်းငှါးဖို့ နဲ့ ဘုန်းကြီးပင့်နိုင်ဖို့ ကျောင်းဖြစ်မြောက်ရေး ကပ္ပိယကာယက အဖွဲ့ကို ဖွဲ့စည်းပြီး စတင်ကြိုးစားလိုက်တာ ၂၀၀၉-ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ ဘုန်းတော်ကြီးကျောင်းကို ငှားရမ်း၍တည်ထား နိုင်ခဲ့ပါတယ်။ ဖေါ့ဝန်းမြို့ ဓမ္မရက္ခိတ ဆရာတော် ဦးဝိစက္ခဏရဲ့ အစီအစဉ်နဲ့ ဆရာတော် ဦးစန္ဒိမာ ကျောင်း လာထိုင်ပေးပါတယ်။ ကျောင်းထိုင်ဆရာတော်အပါအ၀င် ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ တပည့်တကာ၊ ဒါယိ ကာမတွေရဲ့ ဇွဲလုံ့လတွေကြောင် ဘုန်းတော်ကြီးကျောင်းမှာ ဆရာတော်တွေဖြစ်တဲ့ တိပိ​​ဋိက ဆရာတော် ဘဒ္ဒန္တ၀ံသပါလာလင်္ကာရ၊ ဝေဇယန္တဆရာတော် အရှင်မဟောသဓပဏ္ဍိတ၊ ဓမ္မဘေရီအရှင်ဝိရိယ(တောင် စွန်း)၊ ချီကာဂိုဆရာတော်၊ အဇူဇာဆရာတော် ဦးဧသက၊ ပိုင့်လော့ ဆရာတော်၊ အရှင်ဇ၀န (ကံထွန်းသစ်)၊ စတဲ့ ဆရာတော်တွေဟာ ကြွရောက်လာပြီး ပြည်နယ်မှာရှိတဲ့ တကာ၊ ဒကာမတွေကို တရားရေအေးတွေ လာရောက်တိုက်ကျွေး ဟောကြားပေးခဲ့ကြသလို ပြည်နယ်အင်အားနဲ့လည်း စုပေါင်းရဟန်းခံရှင်ပြု သီလရှင်ဝတ်ပွဲ၊   တရားပွဲများ၊ စုပေါင်းဘုံကထိန်ပွဲ၊ သီတင်းကျွတ်မီးထွန်းပွဲ၊ စာရေးထမနဲပွဲ၊ ဈေးရောင်းပွဲ ပြုလုပ်နိုင်ခဲ့ပါတယ်။  အဲ့ဒီလိုနဲ့ သဒ္ဒါတရားတွေပြည့်ဝနေတဲ့ ကော်လိုရာဒို ပြည်နယ်ရောက် မြန်မာပြည်သား တွေဟာ သာသနာအကျိုးတွက် အခုထက်ပိုထမ်းဖို့ကြိုးစားကြပြီး ပြည်နယ်မှာ ကိုယ်ပိုင်ဘုန်း တော်ကြီး ကျောင်းသစ် ၀ယ်ယူနိုင်ဖို့ တဆင့်တိုးကြိုးစားကြပြန်ပါတယ်။ အဲ့ဒီလိုစဉ်းစား ဆုံးဖြတ်ကြပြီးချိန်မှာ ဆရာတော် ဦးစန္ဒိမာ အပါအ၀င် တပည့် တကာ၊ ဒကာမတွေအားလုံး ကျောင်းသစ်ရရှိရေးအတွက်  မိမိတို့ တက်နိုင်တဲ့ဘက်ကနေ အားလုံးနဲ့လည်းနီးနိုင်မဲ့နေရာ၊ ကားရပ်ရန်လည်း အဆင်ပြေ မဲ့နေရာကို အင်တာနက်ကနေတမျိုး၊ သွားလာရင် ရောင်းရန်ရှိသည့်နေရာကို ၀ိုင်းရှာ၊ ဘဏ်မှာလည်း နာမည်ခံပေးပြီး ပိုက်ဆံချေး အားလုံးညီညီ ညွတ်ညွတ်နဲ့ကြိုးစားလိုက်တာ အခုတော့ ကိုယ်ပိုင်ကျောင်းသစ်ကို ပိုင်ဆိုင်နိုင်ပါ တော့တယ်။
စုပေါင်းကြိုးစားမူရဲ့ အသီးအပွင့်ဟာ အခုလိုကျောင်းသစ်ဖွင့်ပွဲမှာ ပေါ်လွင်နေသလို ဖွင့်ပွဲမလာနိုင်တဲ့ တကာ၊ ဒကာမတွေလည်း နောက်ပိုင်းမှာ ကျောင်းသစ်တည်ရှိရာသို့ လာရောက်ပြီး စုပေါင်းကုသိုလ်ပြုနိုင် တော့မှာဖြစ်ပါတယ်။
ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းရဲ့ သံဓိဌာန်ဖြစ်တဲ့ “စိတ်ရှည်ဇွဲသန်  သည်းညည်းခံ ပြုရန်သာသနာ” ဆိုတဲ့ ဆောင်ပုဒ်ထဲကလိုပဲ အခုတော့  ကော်လိုရာဒိုပြည်နယ်မှာ တမူးထူးတဲ့ နှစ်သစ်ကူးပွဲကို ကျင်းပနိုင်ခဲ့ပါတော့  တယ်။ 


 ဆီးနှင်းတွေကြားက ဘုန်းတော်ကြီးကျောင်းသစ်ပုံ



နှင်းတွေက ညပိုင်းထဲကနေကြနေတာ တစ်နေ့လုံးပါပဲ။

ဘုန်းတော်ကြီးကျောင်းရဲ့ ဘုရားခန်းပုံ




မြန်မာပြည်က ပင့်ဆောင်လာတဲ့ ဆင်းတုတော်များနဲ့ တပည့်တကာ၊ ဒကာမတွေအိမ်မှာ ကိုးကွယ်ထားတဲ့ ဘုရားဆင်တုတော်များကို ဆရာတော် ဦးဝိစက္ခဏနဲ့ ဆရာတော် ဦးစန္ဒိမာ တို့ ဘုရားအနေကဇာတင်ပေး နေကြပါတယ်။

ကြွရောက်လာတဲ့ ဧည့်ပရိတ်သတ်များ



 တရားနာပရိတ်သတ်များ


 ကြွရောက်လာတဲ့ ဧည့်ပရိသတ်များရှေ့မှာ နောင်လာမဲ့ ၂၀၁၁-၁၂ ခုနှစ်အတွက် ကပ္ပိယကာယက အဖွဲ့ကို ဒီမိုကရေစီနည်းအတိုင်း အမည်အဆိုတင်သွင်းပြီး မဲစနစ်နဲ့ ဆရာတော်နှစ်ပါးရှေ့မှာ ရွေးကောက်ပွဲပြန် လည်ပြုလုပ်ခဲ့ပါတယ်။ ကော်လိုရာဒိုပြည်နယ် ဒင်ဘာမြို့နဲ့ အော်ရိုရာမြို့က ကိုယ်စားလှယ် (၁၂) ယောက် နဲ့ ဂရင်းရီးမြို့က ကိုယ်စားလှယ် (၅) ယောက် စုစုပေါင်း (၁၇)ယောက်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။


 နောက်ဆုံးအဆင့် မဲရေတွက်ပေးနေကြတဲ့ မျိုးဆက်သစ် ကလေးငယ်လေးများကလည်း စိတ်အားထက်သန် စွာဖြင့် ကူကြပါတယ်။


အားလုံးနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ စေကြောင်းနဲ့ ဆရာတော် ဦးဝိစက္ခဏရဲ့ အားလုံးအတွက် နှစ်သစ်ဆု တောင်းလေးက

- နှစ်ဟောင်းကုန်ပျောက်၊ နှစ်သစ်ရောက်၊ ထွန်းတောက်မင်္ဂလာရှိပါစေ။
- နှစ်သစ်မင်္ဂလာ၊ ဒီချိန်ခါ၊ စိတ်မှာညစ်မဲကင်းပါစေ။
- နှစ်သစ်ချိန်ခါ၊ များသတ္တာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
- တနှစ်ပတ်လုံး၊ ဖြူစိတ်ဖုံး၊ ရွှင်ပြုံးကြည်သာရှိပါစေ။
- ကုသိုလ်ကျန်းမာ၊ ပညာစည်းပွား၊ ဒီရေလားတိုးပွားကြပါစေ။

မေတ္တာဖြင့် 
အရှင်ဝိစက္ခဏ
ဓမ္မရက္ခိတကျောင်း
ဖို့ဝိန်းမြို့၊ အင်ဒီယားနားပြည်နယ်

Wednesday, December 29, 2010

ဓမ္မပါလကျောင်း စုပေါင်းဘုံကထိန်ပွဲတော်


 အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှာ ဒုတိယအကြိမ်မြောက် စုပေါင်းဘုံကထိန်ကို ၁၁-၂၀-၂၀၁၀ ခုနှစ် စနေနေ့မှာ ကျောင်းတိုင်ဆရာတော် အရှင်စန္ဒိမာဦးဆောင်ပြီး တပည့်တကာ ဒကာမ တွေရဲ့စုပေါင်း ပါဝင်ဆောင်ရွက်မူနဲ့ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။
 ဆရာတော် ဦးဧသက (အဇူဇာကျောင်းဆရာတော်) ကိုယ်တိုင်ကြွရောက်ချီးမြှင့်ပြီး ကထိန်တရားတော်ကို ဟောကြားပေးခဲ့ပါတယ်။
 ပင့်သံဃာတွေဖြစ်တဲ့ နီဘားစကား ဆရာတော်တစ်ပါး၊ ထိုင်းကျောင်း ဆရာတော် နှစ်ပါးနဲ့ လာအိုကျောင်း ကဆရာတော် နှစ်ပါးကလည်း ကထိန်ပွဲတော်အတွက် ကြွရောက်ချီးမြှင့်ပါတယ်။
 ဧည့်ပရိတ်သတ်တွေကလည်း တိုင်းရင်းသားပေါင်းစုံ ကထိန်ပွဲတော်ကို လာရောက်ဆင်နွဲကြပါတယ်။
 ကထိန်တရားနားကြားနေတဲ့ကြတဲ့ ဧည့်ပရိတ်သတ်များ။
စုစုစည်းစည်းနဲ့ ကထိန်သင်္ကန်ကပ်လှူပြီး ညနေလေးနာရီမှာ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည် နယ်မှာ တည်ထားကိုးကွယ်တဲ့ ဓမ္မပါလကျောင်းတိုက် စုပေါင်းဘုံကထိန်ပွဲဟာ အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့ ပါတယ်။

Monday, December 27, 2010

တချိန်က နို့ဖိုးဒုက္ခသည်စခန်း

တကယ်တော့ နို့ဖိုးဆိုတဲ့ ဒုက္ခသည်စခန်းဟာ မဲဆောက်ကနေတွက်ရင် (၂၂၀) ကီလိုမီတာသာဝေးပေမဲ့ လမ်းပန်းခက်ခဲခြင်း၊ တောင်တွေကွေ့ကောက်ခြင်းတို့ကြောင့် လိုင်းကားနဲ့ဆိုရင် မနက် (၇)နာရီလောက် စထွက်ရင်တောင် ညနေပိုင်း (၃)နာရီလောက်မှ စခန်းကိုရောက်တာပါ။ တစ်နေ့လုံးကားစီးရသလို စိတ်ပန်း လူပန်းပါပဲဗျာ။ ဒုက္ခသည်စခန်းရှိစဉ်တုန်းက အမှတ်တရပွဲလေးတွေက ဓါတ်ပုံလေးတွေပါ။
                                
 မဲဆောက်မြို့ပိုင်ရုံးကနေ နို့ဖိုးဒုက္ခသည်စခန်းကို ထွက်ခွာဖို့ အတွက် ကားနဲ့ ပြင်ဆင်နေကြပုံ။
 မိုးထဲရေထဲမှာ ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို အခုလိုရွက်ဖျင်တဲထဲမှာ စုစည်းပြီး စခန်းအုပ်ချုပ်ရေးမှူး ဖြစ်တဲ့ ထိုင်းအာဏာပိုင် (ပလာ)မှ စခန်းမှ အားလုံးကိုကြိုဆိုတဲ့အကြောင်းအပါဝင် စခန်းမှာလိုက်နာရမဲ့ စည်းကမ်းချက်တွေနဲ့ ဥပဒေများကို အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေကို ရှင်းလင်းပြနေခြင်းဖြစ်ပါ တယ်။
 ရောက်ရောက်ခြင်း UNHCR ကစီစဉ်ပေးတဲ့ အိမ်တစ်လုံးကို အနည်းဆုံး လူ(၄) ယောက် စုပြီးနေရတာ ဖြစ်တဲ့အတွက် အခန်းတစ်ခန်းသာပါတဲ့ အိမ်တွေအတွက် အခုလို ရတဲ့နည်းနဲ့ အခန်းကိုချဲ၊ ပြင်ဆင်ခြင်းများ ပြုလုပ်ပြီး အဆင်ပြေသလိုနေရတာလည်းဖြစ်ပါတယ်။ အိမ်တွေက ကြိုဆောက်ထားတာဖြစ်တဲ့အတွက် အ များစုက ပျက်စီးနေတာများပြီး ပြင်ဆင်နေထိုင်ရတာပါတယ်။ ၀ါးနဲ့ လိုအပ်တဲ့ သစ်ကိုတော့ အနီးနားက တော ထဲမှာ အဆင်ပြေသလို ထိုင်းအားဏာပိုင်တွေမသိအောင် သွားခုတ်ယူရပါတယ်။
အခုလိုသီတင်းကျွတ်ပွဲတော်မှာလည်း ကလေးတွေပျော်ရွှင်စေဖို့ လူကြီးတွေက ၀ိုင်းဝန်းစုပေါင်းပြီး သီချင်း တွေအပါအ၀င် အစားအသောက်တွေနဲ့လည်း သူတို့လေးတွေကို ကျေနပ်နှစ်သိမ့်ပေးခဲ့ကြပါတယ်။

 ကလေးတွေဘက်ကလည်း လူကြီးတွေကို အခုလို အကလေးတွေနဲ့ ကပြနေပုံလေးတွေက အနာဂါတ်ကို သူတို့ သေသေချာချာ ပိုင်ဆိုင်နိုင်မယ်ဆိုတာကို ယုံကြည်ချက်တွေ ထင်ဟပ်စေပါတယ်။
အခုလို ခရစ္စမတ်ရာသီမှာလည်း ဒုက္ခသည်စခန်းထဲမှာ မွန်းကြပ်နေတဲ့ စိတ်လေးတွေ ပြေပျောက်နိုင်ဖို့ အ တွက် လူကြီးတွေကို ဘောလုံးပွဲလေးကျင်းပပေးကြသလို
 မျိုးဆက်သစ် လူငယ်လေးတွေဖြစ်ကြမဲ့ ကလေးတွေအတွက်လည်း အားကစားနည်းလေးတွေနဲ့ ဒုက္ခသည် စခန်းရဲ့ ကျတော်တို့ရပ်ကွက် ခရစ္စမတ်ပွဲလေးကို ကျင်းပပေးခဲ့ကြပါတယ်။ ကလေးတွေအားလုံးထဲက မိဘ တချို့က ၈၈-လေးလုံးအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ပြီး တောခိုကာ (ABSDF) နဲ့ တခြားတော်လှန်ရေးအဖွဲ့ အစည်းတွေမှာ ပါဝင်ခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုက (Hold) ဆိုတဲ့ ဆိုင်းငံ့ခြင်းခံထားရပြီး ဘာမှ မသိနားမလည်သေးတဲ့ အနာဂါတ်မျိုးဆက် ကလေးတွေကလည်း အခုထိ နှစ်ပေါင်းများစွာ ဒုက္ခသည်စခန်း သည်သာ သူတို့ဘ၀၊ ဒုက္ခသည်စခန်းသည်သာ သူတို့လေးတွေရဲ့ ကမ္ဘာအဖြစ်နဲ့ရှိနေကြတုန်းပါ။ သူတို့ လေးတွေရဲ့ သူငယ်ချင်းတချို့ကတော့ ကံကောင်းထောက်မစွာနဲ့ အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံပေါင်း စုံမှာ သူတို့ရဲ့ ဘ၀လေးတွေကို ဆေးရောင်ချယ်ခွင့်ရနေကြပါတယ်။
ပြိုင်ပွဲမှာ နိုင်သူရော ရှုံးသူကိုပါ ဒုက္ခသည်ဘ၀ရဲ့ တတ်နိုင်တဲ့ မုန့်လေးတွေကို ဆုအဖြစ် သူတို့လေးတွေ ပျော်ရွှင်ဖို့အတွက် လူကြီးမိဘတွေက ပေးဆပ်နေကြတာဖြစ်ပါတယ်။