အားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်းးးး လာလည်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်းးးး ရွှင်လန်းချမ်းမြေ့ကြပါစေဗျားးးးး

Sunday, September 5, 2010

(ဒုက္ခသည်အများစု) ရင်ဆိုင်စရာအမေရီးကားမှာ

၂၀၀၈-ခုနှစ် ဇူလိုင်လ ၈-ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဒင်ဘာမြို့ကို ရောက်ရှိခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ပင်ပန်းခဲ့သမျှ၊ နေ့ညတွေပြောင်းလဲမှုတွေကို  အနားယူဖို့ မစဉ်းစား အားပဲ နောက်နေ့ မနက်မှာ ကေ့မန်နေဂျာဆိုတဲ့သူက လာခေါ်တာကြောင့် မူးဝေနေတဲ့ကြားကပဲ လိုက် သွားရပါတယ်။ (လေယာဉ်ပေါ်မှာ ထိုင်လိုက်ရလို့ မပင်ပန်းဘူးမထင်ပါနဲ့ တကယ်ပါ)
ကေ့မန်နေဂျာကလည်း ကျတော်တို့ဒုက္ခသည်တွေအတွက် အဓိကကျတဲ့ (ဆိုရှယ်)နဲ့ စားစရာကဒ်အမြန် ရ ရှိရေးအတွက် သက်ဆိုင်ရာရုံးတွေကို သွားရောက်ရပါတယ်။ ပင်ပန်း၊ အိပ်ရေးပျက်နေတဲ့ကြားက အရပ် ရှည်ရှည် ထောင်ထောင်မောင်းမောင်း အာဖရိကနွယ်ဖွား ကေ့မန်နေဂျာ ခြေလှမ်းကိုအမှီလိုက်ရပါတယ်။ သူကိုယ်တိုင်က တချိန်တုန်းက ဒုက္ခသည်ပါလို့ မိတ်ဆက်ဖူးတော့ ဘယ်ဟာတွေက ပိုအရေးကြီးတယ်ဆို တာ သူကပိုသိမှာပါလို့ စိတ်ထဲတွေးရင်း သူ့ကိုမှီအောင်လိုက်ရပါတယ်။ ကျတော်တို့နဲ့အတူ အီရတ်နိုင်ငံ ကနေ အသစ်ရောက်လာတဲ့ ဒုက္ခသည်သားမိလည်း အပြေးတစ်ပိုင်းနဲ့ သူ့နောက်လိုက်နေရပါတယ်။ လို  အပ်ချက်တွေအားလုံး အဆင်ပြေနိုင်ဖို့ အိုင်အိုအမ်ကပေးလိုက်တဲ့ အိုင်အိုအမ်တံဆိပ်နဲ့ အိတ်ထဲက သူလို အပ်တဲ့အချက်အလက်တွေ၊ ဖြည့်စွက်နိုင်ဖို့အတွက် သူ့ကိုပေးလိုက်ပါတယ်။ မနက်၈-နာရီကျော်ကနေ ည နေပိုင်းမှ အားလုံးပြီးသွားတဲ့အခါ ဒုက္ခသည်တွေကို ကူညီတဲ့ သူရုံးထိုင်တဲ့ နေရာကိုပြန်ခဲ့ပါတယ်။ ပင်ပန်း နေကြတဲ့အတွက် ကျတော်တို့နေတဲ့ အပါ့မန့်ကို ပြန်ပို့ပေးပါတယ်။ နောက်နေ့မနက်မှာ သူလာကြိုမှာ ဖြစ်တဲ့အတွက်  အဆင်သင့်စောင့်နေဖို့လည်း မှာလိုက်ပါသေးတယ်။ နောက်နေ့မနက်စောစောမှာ သူ့ ကားနဲ့ အ တူလိုက်သွားပြီး ရုံးမှာအလုပ်ရှာဖို့ အဓိက တာဝန်ယူထားတဲ့ သူနဲ့မိတ်ဆက်ပေးပါတယ်။ အဲ့ဒီ လူက ထိုင်းမှာ နေတုန်း ဘာတွေလုပ်ဖူးလဲ၊  အလုပ်နဲ့ပတ်သက်ပြီး ဘာအတွေ့အကြုံတွေရှိလဲဆိုတာကို မေးမြန်းပြီး လုပ်ခဲ့ဘူးတဲ့ အလုပ်နဲ့ပတ်သက်တာတွေကို စစ်ဆေးပါတယ်။ ထိုင်းမှာ လက်သမားလုပ်ခဲ့ဖူးတာ လို့ ပြောခဲ့မိတာကြောင့်၊ လွှ၊ တူ စတာတွေကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲ စသဖြင့်မေးမြန်းပါတယ်။ တကယ်တော့ ကျတော်က ဒုက္ခသည်မှာနေတုန်းက အမေရိကန်နိုင်ငံကိုသွားရမဲ့ သူတွေအတွက် ယဉ်ကျေး မှုသင်တန်းတက်ဖို့ အဆောင်ဆောက်တုန်းမှာ တစ်လလောက်လုပ်ခဲ့ဖူးတာကို ပြောမိခြင်းဖြစ်ပါတယ်။ တ ကယ်တော့ ကျတော်က လက်သမားမလုပ်တတ်ပါဘူး။ တချို့သူငယ်ချင်းတွေသိမှာပါ။ အဲ့ဒီလိုနဲ့ လိုအပ် တာတွေမေးမြန်းပြီးတဲ့အခါ ဒုက္ခသည်တွေ အလကားတတ်ဖို့ စီစဉ်ထားတဲ့ ကျောင်းမှာ မတတ်မနေရ တတ် ဖို့လည်း ပြောပါသေးတယ်။ ပြီးတော့ အမေရိကန်ကို ရောက်ရောက်ခြင်း ကူညီငွေ(တချို့က welcome money လို့လည်းခေါ်ပါတယ်) ဒုက္ခသည်တစ်ယောက်ကို ဒေါ်လာ (၄၂၅)စီရတဲ့ ခံစားခွင့်အကြောင်းလည်း ရှင်းပြပါတယ်။ (မိမိရောက်တဲ့ ပြည်နယ်တွေနဲ့ ငွေအမောက်တွေကွာနိုင်သလို စီးပွားရေးလောကသုံးစကား အတိုင်း ဈေးအတက်အကျက အချိန်နဲ့ တပြေးညီကွာခြားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုမှ ရောက်တဲ့သူတွေဆိုရင် ဒေါ်လာ (၁၁၀၀)စီရကြပါတယ်။ ကုန်ဈေးနှုန်းတွေမြင့်လာတာလည်းပါမှာပါ)။
ဒီနေ ရာမှာ တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ တချို့ဒုက္ခသည်တွေက (၄၂၅)ဆိုတဲ့ပိုက်ဆံကို အပြည့်မရ ကြပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့ကိုတာဝန်ယူတဲ့ ကေ့မန်နေဂျာဆိုတဲ့သူတွေက သူတို့ရောက် လာရင် အပါ့မန့်အခန်းတွေမှာ အဆင်သင့်နေထိုင်စားသောက်နိုင်ဖို့ အဲ့ဒီငွေနဲ့ ၀ယ်ထားပေးတဲ့အတွက် တချို့ဆိုရင် ဒေါ်လာတစ်ရာတောင်ပြန်မရတက်ပါဘူး။ သူတို့ကလည်း သုံးလပြည့်တာနဲ့ ၀ယ်ထားပေးတဲ့ စာရင်းနဲ့ မိမိတို့ရပိုင်ခွင့်ထဲက ဘယ်လောက်ကုန်ကျပြီး ဘယ်လောက်ကျန်တယ်ဆိုတာ ရှင်းပေးပါတယ်။ ကျတော်တို့ကတော့ (၄၂၅) ဒေါ်လာအပြည့်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျတော်က သူငယ်ချင်းရှိ တဲ့ဆီကိုသွားတာရယ်၊ သူငယ်ချင်းကို ရုံးကခေါ်ပြီး ကျတော်တို့ကို ဒီပြည်နယ်ကိုလာဖို့ ခေါ်တာသေချာ လားဆိုပြီး လက်မှတ်သွားထိုးတဲ့အချိန်မှာ တစ်ခါထဲ ဘာမှဝယ်မပေးထားဖို့နဲ့ သူပဲစီစဉ်ပေးမယ်ဆိုတဲ့အ တွက်ကြောင့် ငွေအကုန်လုံးရတာဖြစ်ပါတယ်။ မိမိတို့နေတဲ့ အခန်းခကို ရုံးကနေ(၄)လစာထောက်ပံ့ပေးမှာ ဖြစ်တဲ့အကြောင်း၊ (၄)လပြည့်လို့ အလုပ်မရသေးရင် အခန်းခကို ဆက်လျှောက်နိုင်တဲ့အကြောင်းနဲ့ အခန်း ခအဖြစ် လူဦးရေအလိုက်သတ်မှတ်ပေးထားပါတယ်။ တစ်ယောက်ထဲဆိုရင် (၃၀၀)ကျော်၊ နှစ်ယောက်ဆို ရင် (၄၅၀)နဲ့ မိသားစုလိုက်ဆိုရင် ပိုရပါတယ်။ ဒါပေမဲ့ ဈေးအတော်ဆုံးဆိုတဲ့ အခန်းတောင် နှစ်ယောက်စာ အခန်းအတွက် (၄၇၅)ပေးရတပါတယ်။ မီးဖိုးကတော့ ကိုယ်စိုက်ရပါတယ်။ အနည်းဆုံးသူတို့ပေးတဲ့ ငွေနဲ့ ဆိုရင် တစ်လကို (၂၅) ဒေါ်လာစိုက်ရပါတယ်။ ရုံးကကျောင်းတတ်ခိုင်းပါသေးတယ်။ ကျောင်းတတ်မယ်ဆို ရင် ကားလက်မှတ်က ကျတော်တို့ရောက်ခါစမှာ (၃၀)နဲ့တစ်လစာရပါတယ်။ နောက်တော့ (၃၅) အခု ကျောင်းတတ်တဲ့သူတွေပြောတာကတော့ (၇၀)ဒေါ်လာဖြစ်နေပြီးလို့သိရပါတယ်။ ကျတော်တို့တုန်းက အ နည်းဆုံးတစ်လကို (၁၀၀)လောက်စိုက်ရပါတယ်။ သူငယ်ချင်းပဲစိုက်ပေးတာပါ။ ကျောင်းတက်ဖို့အတွက် လည်းကျောင်းမှာ စာမေးပွဲသွားဖြေရပါတယ်။ ကိုယ်မီတဲ့အတန်းကို တက်ခိုင်းပါတယ်။ အတန်းတွေကို အ ဆင့် (၁-၂-၃-၄-၅)ခွဲထားပါတယ်။ အထူးသဖြင့် မိမိတို့ ဒုက္ခသည်စခန်းကတွေဘက်က လူအတော်တော် များများ လယ်ဘယ် ၁-၂ မှာပိုများပါတယ်။ အာဖရိကနွယ်ဖွားတွေ၊ နီပေါတွေလည်း တွေ့ရပါတယ်။ ဒုက္ခ သည်လူမျိုးစုံတွေ့ရပါတယ်။ တချို့ကရင်အဘွားအိုတွေဆိုရင် အသက်လည်း ငါးဆယ်ကျော်နေပြီး ကျောင်း တတ်နေတာတွေ့ရပါတယ်။ သူတို့ကျောင်းမတတ်ချင်ပေမဲ့ ကျောင်းမတတ်ရင် စားစရာကဒ်ဖြတ်မယ်။ အိမ်လခဖြစ်မ ယ်ဆိုတဲ့ ရုံးတွေရဲ့ပြောဆိုမှုတွေကြောင့် A ကနေ z ကိုတောင်မသိပဲနဲ့ ကျောင်းတတ်နေရ တာတွေလည်း အများကြီးပါ။ မိမိအပါအ၀င်ပါ။ ကျောင်းတတ်နေရင်းနဲ့ ကြားထဲမှာ အလှည့်ကျတက်ရတဲ့ သင်တန်းတွေလည်းရှိပါတယ်။ အဲ့ဒီသင်တန်းတွေကတော့ အရည်ချင်းစစ်စာမေးပွဲဖြေရပါတယ်။ သင်တန်း ကာလကို နှစ်ပတ် နာရီ(၈၀) သတ်မှတ်ပါတယ်။ ၀က်စတိုင်လို့ခေါ်ပါတယ်။ အထူးသဖြင့်သင်တန်းက အမေရိကားမှာ ဘယ်လို အလုပ်လျှောက်ရမလဲ၊ အလုပ်လျှောက်တဲ့အခါ လိုအပ်တဲ့ဝတ်စားဆင်ယင်မှု၊ ကိုယ်ဟန်အနေအထား၊ ထိုအလုပ်ကို စိတ်ဝင်စားတဲ့ မျက်နှာအမူအယာအပါအ၀င်၊  ယခင်မိမိလုပ်ခဲ့ဘူးတဲ့ အလုပ်နောက်ခံ သမိုင်းတွေကို အစီစဉ်တကျ ဖြေဆိုဆောင်ရွက်နိုင်အောင် သင်ပေးတဲ့ သင်တန်းဖြစ်ပါ တယ်။ သင်တန်းဆင်းပြီးရင်အောင်လက်မှတ်ရပါတယ်။ မိမိအတွေ့အကြုံအရ အဲ့ဒီအောင်လက်မှတ်တွေက အလုပ်လျှောက်တဲ့အခါ အသုံးဝင်ပါတယ်။ ၀က်စတိုင်သင်တန်းကို တက်ပြီးလို့ အလုပ်မရသေးရင် ကျောင်း ဆက်တက်နေရင်း ကျောင်းမှာလည်း သင်တန်းတစ်ခုတက်ရပါတယ်။ တချို့အလုပ်ရသွားလို့မတက်ရတဲ့သူ တွေလည်းရှိပါတယ်။ အဲ့ဒီသင်တန်းက အခြေပညာအားနည်းတဲ့သူတွေကို အဓိကထားသင်တာပါ။ တကယ် လို့အလုပ်လျှောက်တဲ့အခါမှာ အဲ့ဒီအောင်လက်မှတ်ကလည်း အသုံးဝင်ပါတယ်။ အထူးသဖြင့်ဟော်တယ် တွေမှာပါ။ သင်တန်းမှာက စားပွဲပေါ်မှာ ပုဂံနဲ့ ဇွန်းတွေ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို ဘယ်လိုစနစ်တကျ ကိုင်တွယ်လုပ်ဆောင်နိုင်ဖို့အတွက် လက်တွေ့သင်ရတဲ့ သင်တန်းဖြစ်ပါတယ်။ အင်္ဂလိပ်လို အခေါ်အဝေါ် တွေကိုလည်း အလွတ်ကျက်မှတ်ရသလို သင်တန်းပြီးခါနီး သုံးရက်လောက်အလိုမှာ ဆရာမတွေက သင်တ တန်းတလျှောက် သင်တန်းသားတွေရဲ့  အရည်အချင်းလိုက် အလုပ်တာဝန်တွေကိုခွဲပေးပြီး ကျောင်းနဲ့ ချိတ်ထားတဲ့ ဟော်တယ်တွေမှာ သုံးရက်လက်တွေ့ ဆင်းပေးရပါတယ်။ အလကားဆင်းပေးရတာဖြစ်တဲ့ အ တွက် အစားအသောက်ကို ဟော်တယ်က တာဝန်ယူရပါတယ်။ တချို့လည်းလက်တွေ့ဆင်းရင်းနဲ့ အလုပ်ရ သွားတဲ့သူတွေလည်းရှိပါတယ်။ ဒါက အနည်းစုလည်းဖြစ်ပါတယ်။ မိမိက နှစ်လလောက်ကျောင်းတတ်ပြီးတဲ့ အချိန်မှာ အလုပ်အင်တာဗျူးအတွက် တခါးလုပ်တဲ့ စက်ရုံမှာ အင်တာဗျူးခေါ်တဲ့အတွက် သွားရပါတယ်။ အင်တာဗျူးမသွားခင်လိုအပ်တာတွေကို ဒုက္ခသည်ရုံးက အလုပ်တာဝန်ခံကခေါ်ပြီး အင်တာဗျူးမှာ လိုအပ် တဲ့မေးခွန်းတွေ အင်ဗျူးသွားရမဲ့နေ့မှာ နှုတ်ခမ်းမွေးကအစ အ၀တ်စားအဆုံး သန့်ရှင်းသပ်ရပ်ရမဲ့ အကြောင်းတွေကို ကြိုတင် ခေါ်ဆွေးနွေးပါတယ်။ အခုလုပ်နေတဲ့အလုပ်ရဖို့ သုံးကြိမ်အင်တာဗျူးရပါတယ်။ ကံဆိုးချင်တော့ မိမိတို့ရောက်တဲ့ နှစ်မတိုင်ခင်ကတည်းက အမေရိကန်စီးပွားရေးက အနှုတ်လက္ခဏာပြ နေတာကြောင့် အလုပ်လျှောက်ဖို့ဆိုတာလည်း အင်တာဗျူးသာရှိပြီး တကယ်ခေါ်တဲ့ နေရာက မရှိသ လောက်ပါပဲ။ နေရာအနှံ့မှာလည်း လမ်းဘေးတွေမှာ ကား၊အိမ် ရောင်းရန်ရှိသည်။ ငှါးရန်ရှိသည်၊ လမ်းဆုံ ကျတဲ့ မီးပွိုင့်တွေမှာလည်း ((((နည်းနည်းကူညီပါ၊ အိုးမဲ့အိမ်မဲ့ပါ၊ ဘာဖြစ်ဖြစ်ကူညီပါ၊ ၂၅-ဆင့်လေးတွေကူ ခဲ့ပါ၊ ဘုရားသင်ခင်ကောင်းချီးပေးမှာပါ)))) ဆိုတဲ့ဆိုင်းပုဒ်ကိုင် တောင်းနေတဲ့လူတွေကလည်း တနေ့တခြား တိုးလာနေတာ အခုထိပါပဲ။ အင်တာဗျူးပြီး အလုပ်မရမခြင်း ကျောင်းတက်ဖို့တော့ ရုံးကအမြဲသတိပေးပါ တယ်။ ကျောင်းမတတ်ရင် အိမ်လခဖြတ်မယ်လို့လည်း ခဏခဏသတိပေးတာတွေလုပ်ပါတယ်။ ကျောင်း တက်မတက်ကိုလည်း ဒုက္ခသည်ရုံးနဲ့ ကျောင်းကအမြဲအဆက်သွယ်ရှိနေတာကြောင့် လိမ်လို့မရပါဘူး။ ကျောင်းမတတ်လို့ သုံးရက်လောက်ရှိရင် ရုံးကနေခေါ်ပြီး ဘာကြောင့်ကျောင်းမတတ်တာလဲ။ ဘာဖြစ်လို့ လဲ စတဲ့မေးခွန်းတွေကို မဖြေနိုင်ဘူးဆိုရင်တော့ ပထမအကြိမ် သတိပေးတာခံရပြီး ကျောင်းပြန်တတ်ရပါ တယ်။ နောက်ဆုံးဒင်ဘာမြို့ လျှောက်ရလွယ်တဲ့ အမဲသားရုံမှာပဲ အလုပ်လျှောက်ပြီး ကြမ်းကြမ်းခံလုပ်ကြ ရင်း အမေရိကန်နိုင်ငံရဲ့ နေ့စဉ်ဘ၀ကို ဖြတ်သန်းနေရပါတော့တယ်။ မိမိတို့စီးလာတဲ့ လေယာဉ်ခက လည်း အလုပ်ရပြီး သုံးလလောက်ကြာရင် တောင်းတဲ့စာရောက်လာသလို ၀င်ငွေ (၅၀၀)ကျော်သွားရင် လည်း ရုံးက အိမ်လခမပေးတော့ပါဘူး။ တချို့သားသမီး (၅)ယောက်လောက်ရှိတဲ့ မိသားစုဆိုရင် အဖေ တစ်ယောက်ထဲ အလုပ်ရတယ်ဆိုရင် ရုံးမှာလျှောက်နိုင်ပါတယ်။ မိမိတို့ရောက်နေတဲ့ မြို့ရာသီဥတုက နွေ ခြောက်လ၊ ဆောင်းခြောက်လကို ဖြတ်သန်းရင်း အမေရိကန်နိုင်ငံရဲ့ အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ်ဆိုတဲ့ လူစက်ရုပ်သံသရာထဲမှာ လည်ပတ်နေရပါတော့တယ်းးးးးးးးးးးးး

No comments:

Post a Comment